Friday, August 17, 2012

မြန်မာနိုင်ငံ၏ ပညာရေးနှင့် ဖွံ့ဖြိုးမှုအတွက် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်

0 comments
Dr.ညီဝင်းမှန်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

စာရေးသူသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် သတင်းအချက်လက် များ၊ ပညာရေး၊ ဆက်သွယ်မှုနှင့် ဗဟုသုတ၏ အရေးပါသော အခန်းကဏ္ဍအကြောင်း ယခင်က ရေးသားတင်ပြခဲ့ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ကျန် ရှိသော ကမ္ဘာနှင့် နှစ်ပေါင်းရာစု ထက်ဝက်ကျော်မျှ ဆက်သွယ်မှုပြတ်တောက်ခဲ့၏။

နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် အမျိုးမျိုး ပညာတတ်သူနှင့် ကျွမ်းကျင်သည့် ကြီးမားသော လူစုကြီးလိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက တင်ပြအစီရင်ခံပြီးဖြစ်ပါသည်။ အကြောင်းမှာကျန်ရှိသောကမ္ဘာကြီးကို အသာချန်ထားပြီး မိမိတို့၏ အိမ်နီး ချင်းနိုင်ငံတို့နှင်ပင်မီအောင် လိုက်နိုင်ရန် အရေးကြီးနေပါသည်။ ဤအကြောင်း နှင့် စပ်လျဉ်၍ အခြားမြန်မာပညာရှင် များကလည်း အကြိမ်ကြိမ်မီဒီယာတွင် တင်ပြပြီးဖြစ်ပါလိမ့်မည်။

ပညာရေးစနစ်ကြီးတစ်ခုလုံး ပျက် ယွင်းမှုကြောင့် အမျိုးသားဖွံ့ဖြိုးမှု အတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်(human resource) ကို မထုတ်လုပ်ပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ယခုအခါ၌ ကျွန်ုပ်တို့သည် ပညာတတ်နှင့် ကျွမ်းကျင်သော အသိပညာနှင့် အတတ်ပညာရှင်များကို မရှိမဖြစ် လိုအပ်နေပေသည်။

ဤစာတမ်း၌ အသိဉာဏ်အသုံးပြုသူ(intellectual)ဟူသော ဝေါဟာရကိုအကျယ်ပြန့်ဆုံးနှင့်ယေဘုယျ အကျဆုံး အဓိပ္ပာယ်နှင့် အသုံးပြုထား၏။လ အသိဉာဏ်အသုံးပြုသူဆိုသည်မှာ အဓိကအားဖြင့် ဉာဏ်ရည် (intelligence)ကို အတတ်ပညာဆိုင်ရာ (professional) သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေ အနေ၌လည်းကောင်း၊ ယေဘုယျဘ၀ (သို့) အသက်မွေးဝမ်းကျောင်းမှု အလုပ် အကိုင်ဆိုင်ရာ၌ လည်းကောင်း အသုံးပြု သူကိုဆိုလိုပေသည်။

ဤသို့ဆိုလျှင် ဉာဏ်ရည်အသုံးပြုသူတို့သည် တစ်စုံ တစ်ခုသော သင်ယူမှု (learning)၊ နက်ရှိုင်းသော အသိပညာ၊ ဖြစ်အင်အကြောင်း အရာတို့ကို သိရှိခြင်း (informed) နှင့် ဝေဖန် စဉ်းစား နိုင်ခြင်း (critical thinking) တို့ လိုအပ်ပေသည်။ အတတ်ပညာရှင်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ အထူးပြုသည့် (specialized)၊ အဆင့်မြင့်ပညာရေးဆိုင်ရာ သင်ကြားလေ့ကျင့်မှု (high educational training)၊ လိုအပ်သော အသက်မွေးဝမ်း ကျောင်းမှု အလုပ်အကိုင်(vocation) ကို ဆိုလိုပေသည်။ ပညာရေး၊ အလုပ် သင်ခြင်း (apprenticeship)၊ စာ သို့မဟုတ် စစ်ဆေးမှု (examination) များ ပါဝင်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်စေသော မည်သည့်လက်မှု ပညာ(trade)၊ သို့မဟုတ် အလုပ်အကိုင် မျိုးကိုမဆို ဆိုလိုပေသည်။

ထို့ပြင် အတတ်ပညာ၏ ဂုဏ်အင်္ဂါရပ်များမှာ မိမိတို့ပညာ၏ အသင်းဝင်သူများ (members) တို့ကို ပညာရပ်နယ်ပယ်သို့ ၀င်ခွင့်ပြုခြင်း နှင့် ယင်းတို့ကို စည်းကမ်း ထိန်းသိမ်းသော အဖွဲ့များ (regulatory bodies) တို့ ပါဝင်ပေသည်။ ပညာရေးစနစ်ကို စီမံသူများ၊ ဆောင် ရွက်သူများ၊ ခံယူသူများနှင့် ပြည်သူလူထု ကပင်လျှင် ပညာတတ်ခြင်း၏ အထူး အဓိပ္ပာယ်တစ်ရပ်ကို သိနားလည်မှု ရှိဟန်မတူပေ။ ဤအဓိပ္ပာယ်မှာ ပညာ ရေးဟူသည် လူပုဂ္ဂိုလ်တစ်ဦးအား ဗဟု သုတနှင့် အကြောင်းအချက်အလက်များ နှင့် ဖြည့်စွက်ပံ့ပိုးခြင်းထက် ပို၍ အဓိပ္ပာယ်သက်ရောက်ပါသည်။

ထို အဓိပ္ပာယ်မှာ ပညာတတ်ခြင်းသည် လူ့ဘ၀ကိစ္စရပ်များနှင့် မိမိအသက်မွေး ၀မ်းကျောင်း အလုပ်အကိုင်နှင့် စပ်လျဉ်း၍ အဓိက အားဖြင့် ဝေဖန်ဆင်ခြင်ခြင်း (critical reasoning)နှင့် စိစစ်စဉ်းစား ခြင်း (analytical thinking)တို့ကို ဖွံ့ဖြိုး စေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပညာ ရေးဖြစ်စဉ်၏ အဓိကရည်ညွှန်းချက်မှာ အသက်အရွယ်အငယ်ဆုံးကလေးမှစ၍ အထက်တန်း (တက္ကသိုလ်) ပညာရေးနှင့် ဘ၀တစ်လျှောက်လုံးတွင်ပင် ဗဟုသုတ ကို ရှာမှီးခြင်းနှင့် စည်းစနစ်တကျ (disciplined) နှင့် နက်ရှိုင်းစွာဆင်ခြင် ခြင်း (in-depth reasoning)နှင့် ဝေဖန် စဉ်းစားခြင်း (critical thinking) အရည် အသွေးတို့ကို ဖွံ့ဖြိုးစေခြင်းဖြစ်သည်။

မြန်မာပြည်၌ တက္ကသိုလ်မှ အထွေ ထွေဘာသာရပ်ဖြင့် ပညာရေးပြီးဆုံး သောရလဒ်မှာ လက်တွေ့ ဘ၀တွင် အသုံးမချနိုင်သည့် မိမိသည်ဘွဲ့ရသူဖြစ်ကြောင်း စာရွက်တစ်ခုရရှိခြင်းပင်ဖြစ်သည်။ အတတ်ပညာဆိုင်ရာနယ်ပယ်၊ ဥပမာများဖြစ်သော ဆေးပညာ၊ အင်ဂျင်နီယာပညာအစရှိသည်တို့နှင့် စပ်လျဉ်း၍မူ အတော်အသင့် ခြွင်းချက်ရှိပါသည်။ သို့သော် ဤနယ်ပယ်များတွင်ပင်လျှင် ဝေဖန်ဆင်ခြင်ခြင်းနှင့် စဉ်းစားခြင်း အတော်ရှိမည်ဆိုသည်မှာ သံသယများ စွာရှိဖွယ်ဖြစ်၏။ ယခုအခြေအနေ၌ နိုင်ငံတော်၏ နယ်ပယ် အသီးသီးကို ဖွံ့ဖြိုးမှု စတင်ဆောင်ရွက်ရန် လက်တွေ့ ဘ၀နှင့် ဆက်စပ်၍ ပညာတတ်ပြီး ကျွမ်းကျင်သည့် အလုပ် အင်အားစုများစွာ ကင်းမဲ့နေ၏။

ဤ အခြေအနေမှာ နိုင်ငံတော်အစိုးရက လုပ်ဆောင်မည့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် လည်းကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ပေါ်ပေါက်မည့်ဖွံ့ဖြိုးမှုလုပ်ငန်းအခြေအနေ နှစ်ခုစလုံးတွင် ဖြစ်ပေါ်ပေမည်။ နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့မှုနှင့် ဖွံ့ဖြိုးမှုကို ရရှိနိုင် ပါသည်။ ရေတိုအစီအစဉ်ဖြင့် နိုင်ငံရပ်ခြားတွင် နေထိုင် နေသော အတော်များပြားသည့် မြန်မာ လူမျိုးတို့အထဲမှ အတတ်ပညာဆိုင်ရာ တတ်ကျွမ်းမှု (expertise) ရှိသူများကို ဖိတ်ခေါ် အသုံးပြုနိုင်မပြုနိုင်ကို စဉ်းစား စရာရှိပေသည်။ ကျွမ်းကျင်သော လက်မှုပညာရှင်များ လုံလောက်စွာ ပြုစုပျိုးထောင်မှု မပြုလုပ် နိုင်ခဲ့ပါ။

ယင်းသည် အတိတ်ကာလမှ အခြေခံအကျဆုံး အသက်မွေးဝမ်း ကျောင်းပညာလေ့ကျင့်သင်ကြားမှု

ပေါ်လ၀စီ(policy) နှင့် ဆောင်ရွက်မှု ချို့ယွင်းချက်ကြောင့် ဖြစ်ပေမည်။ ဥပမာ အားဖြင့် တက္ကသိုလ်ပညာအဆင့် အောက်ရှိသော ဒီပလိုမာ (diploma) (သို့မဟုတ်) လက်မှတ် (certificate)

ပေးသော အစိုးရစက်မှုပညာသင်ကျောင်း များ (Government Technica Instit-utes - GTI) ရှိခဲ့ပါသည်။ သို့သော် နိုင်ငံ တကာအဆင့်မီ ကျွမ်းကျင်သော လက်မှု အတတ်ပညာရှင် အသီးသီးဖြစ်သည့် လက်သမား (carpentar)၊ လျှပ်စစ် မီးပြင်သမား (electrician)၊ ပန်းရံသမား (mason)၊ ဆောက်လုပ်ရေးသမား (builder)၊ မော်တော်ယာဉ်စက်ပြင်သူ (automotive mechanic)၊ ဂဟေဆက် သူ (welder)၊ ရေနှင့်အခြားပိုက်ဆက်သူ (plumber) စသည့် လက်မှုပညာရှင် အမျိုးမျိုးကို သင်ကြားထုတ်လုပ်ခြင်း မပြုနိုင်ခဲ့ပေ။

ဤသို့မဟုတ်ဘဲ လူငယ်များ သည် အထက်တန်းကျောင်း အောင်မြင် သောအခါ တက္ကသိုလ်သို့ဝင်ရောက်ပြီး လက်တွေ့အားဖြင့် အသုံးဝင်မှု သံသယ ရှိဖွယ်ဖြစ်သည့် ဘွဲ့၊ ဒီဂရီလက်မှတ် ရရှိခြင်းဖြင့် အဆုံးသတ်ပေ၏။ မြန်မာနိုင်ငံသားများ အနေဖြင့် လက်မှု အတတ်ပညာသင်ယူမှု အောင်မြင်၍ လိုင်စင်(လက်မှတ်)ရှိသူတို့သည် သာမန်တက္ကသိုလ်ဘွဲ့ရသူများထက် ကနဦး၌ ၀င်ငွေ ကောင်းနိုင်သည်ဆို သည်ကို အံ့ဩနေပေမည်။

ယင်းလက်မှု အတတ်ပညာရှင်များသည် ဖွံ့ဖြိုးပြီးနိုင်ငံများ (ဥပမာ၊ ဩစတြေးလျနိုင်ငံ) တွင် အထွေထွေရောဂါကုဆရာဝန်ယူသော အခကြေးငွေထက်ပင် တစ်ခါတစ်ရံ သာလွန်နိုင်ပေသည်။

မူလကပင် များစွာ ခိုင်မာမှုမရှိသော ပညာရေးစနစ်ကို ချို့ယွင်း၍ လွဲမှား သော သဘောတရားများ (Ideologies) နှင့် ဆောင်ရွက်ချက်များကြောင့် ပညာရေး ဖြစ်စဉ်တစ်ခုလုံးပျက်စီးယိုယွင်းခဲ့ပေ၏။

တစ်ချိန်က ရုပ်ပိုင်း (physical) (သို့မဟုတ်) သဘာဝသိပ္ပံပညာရပ်များ (natural sciences) တို့သည် အမျိုးသား ဖွံ့ဖြိုးကိုဖြစ်စေ မည်ဟု ယူဆပြီး ဦးစားပေး၊ အရေးပေးခံရ၏။ ၀ိဇ္ဇာပညာရပ် များ (arts) ၊ လူမှုရေးပညာများ (humanities) နှင့် လူမှုဆက်ဆံရေးနှင့် အပြု အမူဆိုင်ရာသိပ္ပံပညာရပ်များ (social & behavioural sciences) တို့ကို နှိမ့်ချ ပြီး သိသာစွာအဆင့်အတန်းခွဲခြားခဲ့၏။

ဤနေရာ၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးပညာများ (Economics & Commerce) မှာမူ ချွင်းချက်အနေဖြင့် အဆင့်အတန်း ခွဲခြားမှုများစွာ ခံရပုံ မရှိပေ။ အသက်မွေးဝမ်းကျောင်းမှုနှင့် တိုက်ရိုက်ဆက်စပ်နေသော ပညာရပ် များဖြစ်သည့် စိုက်ပျိုးရေးသိပ္ပံ (agricul-ture) ၊ ဆေးပညာ (medicine) နှင့် အင်ဂျင်နီယာပညာ (engineering) အစရှိသည့် ပညာရပ်နယ်ပယ်တို့ကိုမူ ယခင်အရှေ့ ဥရောပ (east european) ကွန်မြူနစ်နှင့် ဆိုရှယ်လစ်နိုင်ငံများမှ ပုံစံ (model) ပေါ်အခြေပြုပြီး ပင်မတက္ကသိုလ်ကြီးများမှ ထုတ်နုတ် ၍ သီးသန့် တက္ကသိုလ်များအဖြစ် ဖွဲ့စည်းလိုက်၏။

ဤသို့ ပညာရပ်များကို ရည်ရွယ်၍ အတုအယောင်သဘောဖြင့် ခွဲခြားလိုက်၏။ ဤသို့ပြုလုပ်ခြင်းသည် အဆုံးသပ် အနေဖြင့် 'ဗဟုသုတ' ဟူသည့် တစ်လုံးတစ်ခုတည်းအနေဖြင့် ရပ်တည်နေသောအရာ (unitary entity) ဖြစ်သည်ဆိုသည့် သဘောအယူအဆ ကို ဖောက်ဖျက်လိုက်သည့် သဘောသက်ရောက် ပေ၏။ ဤအခြေအနေတွင် ဗဟုသုတ ၏ နယ်ပယ်ချင်းဆက်နွယ်မှု (interdis-ciplinary) နှင့် ဘာသာရပ်ပေါင်းစုံ ဆက်စပ်မှု (multidisciplinary) သဘာဝကို နစ်နာထိခိုက်စေသည့် သဘောဆောင်၏။

အထက်၌ ဖော်ပြသကဲ့သို့ မူလကပင် နိုင်ငံတကာစံများအရ များစွာခိုင်မာ တိုးတက်မှုမရှိလှသော ပညာရေးစနစ် ဖြစ်စဉ်နှင့် စနစ်သည် ဆုံးရှုံးသော နိုင်ငံရေးစနစ်နှင့် အတူကျဆင်းသွားပေ၏။ ပညာရေးစနစ်သည် ဒုတိယကမ္ဘာစစ်ပြီး ကာလနှင့် လွတ်လပ်ရေးရပြီး ကာလ များက ယခင်ပြီးဆုံးခဲ့သော ရာစုနှစ်ထက် ၀က်ကျော် ကာလထက်ပို၍ကောင်းမွန်သည့် အခြေအနေတွင်ရှိသည်ဟု ဆိုနိုင် ပေမည်။ အာဏာပိုင်များနှင့် ပြည်သူ လူထုအနေဖြင့် တက္ကသိုလ်၏ မူလ အဓိပ္ပာယ်ကို ရိပ်စားမိပါ၏လောဟု စဉ်းစားဖွယ်ရာရှိ၏။

'တက္ကသိုလ်' ဆို သည်မှာ (သင်ကြားသူများနှင့် ဗဟုသုတ ရှာမှီးထုတ်လုပ်သူများဖြင့် ဖွဲ့စည်းထားသော အကျိုးတူစု (a community of teachers and scholars) ဖြစ်၏။ ယင်းသည် ဗဟုသုတကို ဖြန့်ဖြူးပေးခြင်း သာမကပဲ စူးစမ်းလေ့လာခြင်း (inquiry) နှင့် သုတေသနပြုလုပ်ခြင်း (research) ဖြင့် ဗဟုသုတကို တိုးပွားဖော်ထုတ်ရာ အဖွဲ့အစည်း ဖြစ်၏။ ထို့ကြောင့် ယခုခေတ်ကာလတွင် (ဗဟုသုတ ထုတ်လုပ်မှုလုပ်ငန်းknow-ledge Industry) ဟု ခေါ်ဆို သတ်မှတ်၏။

နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် အသိ ဉာဏ်သုံးသော သူများနှင့် အတတ် ပညာရှင်များကို ဖော်ထုတ်၍ ယင်းတို့ ၏ အခန်းကဏ္ဍကို အသိအမှတ်မပြုခြင်း သည် အတိတ်ကာလက မှားယွင်းသော ပေါ်လစီများ (policies) နှင့် ဆောင်ရွက်ချက်များ (practices) တို့ကြောင့် ဖြစ် ၏။ အတတ်ပညာရှင်ဝါဒ (professionalsim) ကို သက်ဆိုင်ရာအာဏာပိုင်များ နှင့် ပြည်သူလူထုကပင် သိသာစွာအသိ အမှတ်ပြုခြင်းနှင့် လေးစားခြင်းကင်းမဲ့ နေ၏။

အကယ်၍ အရေးတကြီးအနေနှင့် သော်လည်းကောင်း၊ မှန်ကန်စွာသော် လည်းကောင်း၊ လုံလောက်သော ငွေကြေးပစ္စည်းပံ့ပိုးမှုပေး၍ နိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်လျှင်မူ ထိုသို့ ပြုလုပ်ခြင်းမှ အကျိုးကျေးဇူးသည် ကာလ အတန်ကြာမှ ရရှိပေမည်။ နိုင်ငံခြားသား ပညာရှင်များကိုသာ သက်သက် အသုံးပြုခြင်းသည် နိုင်ငံအတွက် ဖြစ်နိုင်ခြေသော်လည်းကောင်း၊ အကျိုးအမြတ် သော်လည်းကောင်း မရှိနိုင်ပေ။

ဤ နေရာ၌ နိုင်ငံသားတို့ကို ဗဟုသုတနှင့် ကျွမ်းကျင်မှု ဆက်ခံရရှိစေခြင်း (transfer of knowledge & skills) သည် အဓိက အရေးကြီးပေ၏။ ထို့ကြောင့် ရေတိုနှင့် အလယ်အလတ်ကာလတွင် အမျိုးသား ဖွံ့ဖြိုးမှုအတွက် လိုအပ်နေသော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်ကို မည်သည့်ပင်မနေရာများမှ အကောင်း ဆုံးရရှိနိုင်၍ မည်သို့ဆက်လက်တည်တံ့အောင် ပြုလုပ်နိုင်မည် ဆိုသည်ကို လေးနက်စွာ စဉ်းစားလုပ်ဆောင်သင့်ပေသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here