Thursday, August 16, 2012

စီးပွါးရေး ဆိုက် ရောက်ဗီဇာ စနစ် သောကြာနေ့ တွင် စတင်မည်

0 comments
မြန်မာနိုင်ငံသို့ လာရောက်လိုကြသော စီးပွါးရေး သမားများ လွယ်ကူ ချောမွေ့စေရေး အတွက်
ကန့် သတ်ချက်များ ရှိသော ဆိုက်ရောက်ဗီဇာ
စနစ်ကို
သောကြာနေ့တွင် စတင်တော့မည်ဟု
လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိများက
ပြောသည်။

မူလက ထိုဆိုက်ရောက်ဗီဇာ အစီအစဉ်၌ သာမန် ကမ္ဘာလှည့် ခရီးသွားများပါ အကျုံးဝင်လိမ့်မည်ဟု ထင်မြင်ခဲ့ကြသော် လည်း အကျုံးမဝင်ကြောင်း
လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အေပီသတင်းဌာန သို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

ရက်ပေါင်း ၇၀ ခွင့်ပြုမည့် ဆိုက်ရောက်ဗီဇာကြေးမှာ ဒေါ်လာ ၅၀ ခန့် ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ အမေရိကန် စသည့် ၂၇ နိုင်ငံမှ စီးပွါးရေးသမားများ
အကျုံးဝင်လိမ့်မည် ဟု ဦးမောင်မောင်သန်းက ပြောသည်။

ယခင်က ဆိုက်ရောက်ဗီဇာ စနစ်ကို ၂၀၁၀ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့ဖူးသော်လည်း ထိုနှစ် အထွေထွေ
ရွေးကောက်ပွဲ မတိုင်မီတွင် ရပ်ဆိုင်းခဲ့သည်။

ဆိုက်ရောက်ဗီဇာများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထုတ်ပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင်မူ မန္တလေး နှင့် နေပြည်တော်တို့တွင်လည်း ထုတ်ပေးသွားမည်ဟု သိရသည်။

ယခုအပတ်အတွင်း မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ် လေးခုသို့ နေ့စဉ် နိုင်ငံတကာ ခရီးသည်
ပေါင်း ၁,၅၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ဖြစ်ကာ ထိုပမာဏမှာ ယခင်နှစ် နိုင်ငံတကာ ခရီးသည်
ဝင်ရောက် မှုနှုန်းထက် သုံးပုံတပုံခန့် ပိုမိုလာခြင်း ဖြစ်သည်။

နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာ လေဆိပ်လေးခုမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့်
ညောင်ဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ဖြစ်ကြသည်။

၂၀၁၁ ခုနှစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသည် အရေအတွက် မှာ ၃၅၉,၃၅၉ ဦးရှိပြီး ၂၀၁၂ ခုနှစ်တွင်မူ ခရီးသည်ဦးရေ ၁.၅ သန်းအထိ
ရှိလာလိမ့်မည် ဟု မျှော်လင့်ထားကြောင်း တရားဝင်
စာရင်းဇယားများအရ သိရသည်။

ပိုမိုပွင့်လင်းလာသည့် ၂ဝ၁၁ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် လာရောက်လည်ပတ်ကြမည့်
နိုင်ငံတကာ ခရီးသွားများနှင့် စီးပွါးရေးသမားများ တည်းခိုရန်အတွက် ဟိုတည်လုပ်ငန်း ကဏ္ဍတွင်လည်း အားသွန်ခွန်စိုက် ပြင်ဆင်နေကြသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီလများတွင် မြောက်အမေရိက၊ အနောက်ဥရောပ၊ အရှေ့ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှ၊ သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများမှ ခရီးသည်ပေါင်း
၉၈,၄၈၆ ဦး လာရောက်ခဲ့ကြ သည်ဟု မြန်မာ့ ခရီးသွား မြှင့်တင်ရေးဘုတ်အဖွဲ့၏
စာရင်းဇယားများအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် ၂၂ လုံး၊ ဖက်စပ်ဟိုတယ် ၄ လုံး၊ အစိုးရပိုင် ဟိုတယ် ၆ လုံးနှင့် ပုဂ္ဂလိကပိုင် ဟိုတယ် ၇ဝ၇ လုံး ရှိသဖြင့် မြန်မာနိုင်ငံရှိ စုစုပေါင်း
ဟိုတယ် အရေအတွက်မှာ ၇၃၉ လုံး ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ၂ဝ၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၁၉ သန်း
ရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှ အမေရိကန် ဒေါ်လာ ၂၅၄ သန်းနှင့် နှိုင်းယှဉ်လျှင် ၂၆ ရာခိုင်နှုန်း တိုးတက် လာခြင်း ဖြစ်သည်။
မဇ္ဈိမသတင်းဌာန ။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here