Thursday, September 20, 2012

မြန်မာ လူငယ်များကြား စိတ်ကြွဆေး သုံးစွဲမှုမြင့်တက်

0 comments
မြန်မာလူငယ်များအတွင်းစိတ်ကြွဆေး သုံးစွဲမှုမြင့်မားလာနေပါသည်။ခံစားနေရသည့်စိတ်ဖိစီးမှုများပြေပျောက်ရန်၊လိင်ပိုင်းဆိုင်ရာစွမ်းဆောင် ချက် မြင့်တက်စေရန်၊ အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားစေရန်၊  နိုက်ကလပ်များတွင် ပိုမိုပျော်  ပါးနိုင်ရန်၊သူငယ်ချင်းများအညွှန်းကောင်းသည့်အတွက်စမ်းသပ်ရန်စသည့်အကြောင်းအမျိုးမျိုးဖြင့်လူငယ် ထုအတွင်းစိတ်ကြွဆေးအမျိုးမျိုးသုံးစွဲမှုမြင့်တက်နေခြင်းဖြစ်သည်။Methampetamine(မီသမ်ဖီတာမင်း) ဟုခေါ်သည့်စိတ်ကြွဆေးသုံးသောအသက်အရွယ်သည်များသောအားဖြင့်အသက်၁၈နှစ် ၀န်းကျင်မှ၃၅နှစ် ခန့်အထိများပြားလေ့ရှိပြီးအချို့စိတ်ကြွစေသောဆေးဝါးများအသုံးပြုသည့်အသက်အရွယ်သည်၁၅နှစ်ဝန်းကျင် ခန့်လည်းဖြစ်လေ့ရှိကြောင်းHIVကာကွယ်၊ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။

ဘိန်းကဲ့သို့ဈေးမကြီးဘဲနေရာအချို့တွင်အလွယ်တကူရရှိနိုင်ခြင်း၊တစ်ပိုင်တစ်နိုင်လွယ်လွယ်ကူကူ  ဆေးထုတ်လုပ်နိုင်ခြင်း၊ ဈေးနှုန်းသင့်တင့်သည့်အတွက် လူတိုင်းလက်လှမ်းမီခြင်း၊ဘိန်းကဲ့သို့အဖမ်းအဆီး မပြင်းထန်ခြင်း စသည့် အကြောင်းအရင်းများစွာက ယခင် နယ်စပ်ဒေသများတွင်သာအသုံးတွင်ကျယ်သည့်အခြေအနေမှမြို့ကြီးများရှိလူငယ်ထုများကြား စိတ်ကြွဆေး သုံးစွဲမှုတဖြည်းဖြည်းပိုမိုမြင့်မားလာသည်။ကမ္ဘာပေါ်တွင်ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး  နိုင်ငံ အဖြစ် လည်းသတ်မှတ်ခံရသည့် မြန်မာနိုင်ငံတွင် စိတ်ကြွဆေးထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းအဖြစ် အသုံးပြုသည့်ဓာတုပစ္စည်းများမှာပြည်တွင်းတွင်မရှိဘဲထိုပစ္စည်းများအားအိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက် လျက်ရှိကြောင်း မူးယစ်ဗဟိုမှ ထုတ်ပြန်ချက်များအရ သိရသည်။
စိတ်ကြွဆေး ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပါဝင်သည့် ဆူဒိုအက်ဖတမင်း ပါဝင်သော  အိမ်သုံးဆေးဝါးများဖမ်းဆီးရမိမှုအနေဖြင့်မြန်မာ-အိန္ဒိယနယ်စပ်ဝင်ပေါက်များမှအများဆုံး ဖမ်းဆီးရမိသည် ကို တွေ့ရှိရသည်။
 
တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်း ဖမ်းဆီးရမှုမှာ အိန္ဒိယပြီးလျှင် ဒုတိယအများဆုံးဖြစ်ကြောင်းသိရသည်။
အာရှနှင့်ပစိဖိတ်ဒေသတို့တွင်သုံးစွဲမှုအများဆုံးဖြစ်သည့်မီသမ်ဖီတာမင်းဆေးဝါးထုတ်လုပ်ရာအဓိကနိုင်ငံများ  တွင်လည်း မြန်မာပါဝင်ကြောင်းUNODC၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ၌   ဖော်ပြထား သည်။ စိတ်ကြွဆေး  သည် ဗဟိုအာရုံကြော အဖွဲ့အစည်းကို   နှိုးဆွခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိပုံမှန်လုပ်ငန်း  များကို အရှိန်အဟုန် မြှင့်တင်ပေးသည်။ ထိုဆေးများ၏ စွဲမက်စရာ အာနိသင်များမှာ ဆေးသုံးစွဲထားသူအား   တက်ကြွခြင်း၊ နိုးကြားထက်သန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိခြင်း၊ သန်စွမ်းကြံ့ခိုင်ခြင်း စသည်တို့ကို ခံစားမိစေသည့်အတွက် သဘောကျ နှစ်သက်ကြခြင်းဖြစ်သည်။သုတေသနများအရလူများစု သည်အပျော်သဘော၊ညနေချမ်း၊ညချမ်းစိတ်ဖြေဖျောက်ရန်၊ မိတ်ဆွေများနှင့် အတူအပန်းဖြေရန် တို့ဖြစ်ပြီး အချို့သူများမှာမိမိတို့အလုပ်ကိုပိုမိုပြင်းပြင်းထန်ထန်၊ အချိန်ကြာရှည်စွာ ပြုလုပ်နိုင်ရန်ခွန်အားရယူ
လိုခြင်းဖြစ် ပြီးအခြားအကြောင်းများကြောင့် ဖြစ်သည့်အတွက်  ငွေကြေးချမ်းသာသည့် အသိုင်းအ၀ိုင်းမှ လူငယ်များလည်းအသုံးပြုမှုများပြားကြကြောင်းဘားနက်အင်စတီကျူဒ်မှထုတ်ဝေသည့်လက်ကမ်းစာစဉ် တွင်ဖော်ပြထားသည်။“စိတ်ကြွဆေးဆိုတာဝယ်ရတာအရမ်းလွယ်တယ်။တက္ကသိုလ်တက်ရင်းနဲ့သုံးဖြစ် တာခြောက်နှစ်လောက်စွဲသွားတယ်။စိတ်ကြွဆေးကသုံးထားတဲ့အချိန်ဆိုရင်စိတ်ကအရမ်းကြည်လင်နေတယ်။
တိမ်တွေပေါ်လမ်းလျှောက်နေရသလိုပဲ။အလုပ်တစ်ခုခုလုပ်ပြီဆိုရင်လည်းတစ်စိုက်မတ်မတ်ပဲလုပ်နိုင်တယ်။
ဒါပေမဲ့ မသုံးရတဲ့ အချိန်မှာတော့ “ယဉ်းကိုက်” တယ်လို့ ခေါ်တယ်။စိတ်မငြိမ်ဘူး၊ ရင်ဘတ်ထဲမှာ ယားသလို ခံစားရတယ်။ ရင်ပူတာတွေဖြစ်တယ်။ရန်ကုန်မှာ အလုပ်လာလုပ်မှ ဆေးပြတ်သွားတာ။  ဒီမှာကတော့ လုပ်လို့မရဘူး။အဖမ်းခံရမယ်လေ”ဟုလက်ရှိရန်ကုန်မြို့တွင်အလုပ်လုပ်ကိုင်နေပြီးရှမ်းပြည်နယ်မှ  ပြောင်းရွှေ့လာသည့် ဆေးသုံးစွဲဖူးသူ အမျိုးသားတစ်ဦးကပြောသည်။စွဲမက်စရာမကောင်းလှသောရုပ်ပိုင်းဆိုင်ရာ ယာယီအကျိုးသက်ရောက်မှု များမှာပြောနေ၊စဉ်းစားနေသောအကြောင်းအရာများရုတ်တရက် ပြောင်းလဲသွားခြင်း(ထို့ကြောင့်  ဆေးသုံးသူ   ပြောပုံ၊ စဉ်းစားပုံကို နားလည်နိုင်ရန် မလွယ်ကူစေပါ)  ကြောက်စိတ်မွှန်ခြင်း၊စိတ်သောကရောက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ ခံတွင်းခြောက်ခြင်း၊ မူးဝေခြင်း၊ ရန်လိုခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ ဖျားနာ၍မဟုတ်ဘဲ လွန်လွန်မင်းမင်း ကိုယ်အပူချိန်တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း လက္ခဏာများအား အက်ဖီတမင်း ခန္ဓာကိုယ်ထဲ ရှိနေသည့်အချိန်တွင် ခံစားရနိုင်ကြောင်း သိရသည်။
 
စိတ်ကြွဆေး၏ အကျိုးအာနိသင်သည်ဦးနှောက်ဖွဲ့စည်းပုံအား ထိခိုက်သဖြင့် ဆေးကု၍ မရတော့သည်အထိ ရူးသွားခြင်းပင်ဖြစ်သည်။အနောက်နိုင်ငံများတွင်ဘိန်းထက်အသုံးများသည့်  ဆေးဝါးဖြစ်ပြီးအရှေ့တောင်အာ  ရှနိုင်ငံများ၌ဂျပန်၊ကိုရီးယားနိုင်ငံများတွင်သုံးစွဲမှုများပြားပြီးမြန်မာနိုင်ငံတွင်လက်ရှိဘိန်းအသုံးပြုမှုများပြား   နေသော်လည်းဖမ်းမိသည့်စာရင်းများနှင့်စိတ်ရောဂါကုဆေးရုံများသို့စိတ်ကြွဆေးသုံးစွဲပြီး  ရောက်လာကြသော  လူနာစာရင်းများအရတဖြည်းဖြည်းလူငယ်ထုအတွင်းသုံးစွဲမှုများပြားလာကြောင်းသိနိုင်သည့် အချက်များ ပင်ဖြစ်ကြောင်းHIV နှင့်ပတ်သက်သည့်လုပ်ငန်းများဆောင်ရွက်နေသောထိုအဆင့်မြင့်အရာရှိက ဆက် လက်ပြောသည်။ အုပ်ချုပ်မှုဒေသ ၁၇ ခု ရှိသည့်အထဲ ၁၆ နေရာတွင် ဖမ်းမိသည့် သတင်းများ ရှိနေသည့် အတွက် ယင်းမှာ နိုင်ငံတစ်ဝန်းလုံး စိတ်ကြွဆေးများ ရနေခြင်းကို မီးမောင်းထိုးပြထားခြင်းပင် ဖြစ်သည်။ သို့သော် အများစုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းများရှိ ထုတ်လုပ်မှုဇုန်များနှင့် နီးစပ်သည့်  နေရာ များတွင် ပိုမိုဖမ်းမိကြောင်းUNODC ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
 
ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းနှင့်ဆက်စပ်သည့် ဆေးဝါးများ ထုတ်လုပ်နေသည့် နေရာများတွင် အသုံးပြုမှု မှာ ယခင်ကတည်းက များပြားနေသော်လည်း ယခုနှစ်များအတွင်း ရန်ကုန်၊ မန္တလေး အထူးသဖြင့် စစ်ကိုင်း တိုင်းအတွင်းရှိ နေရာများသို့ပါ အသုံးပြုမှု များပြားလာကြောင်း အဆင့်မြင့်အရာရှိက ပြောသည်။
“၂၀၀၀၀န်းကျင်လောက်ကလုပ်ခဲ့တဲ့သုတေသနအချို့အရစိတ်ကြွဆေးသုံးစွဲမှုမရှိဘဲ ဒိုင်ယာစီဗင်လောက် ကိုသာအနည်းငယ်စမ်းသပ်သုံးစွဲတာကို တွေ့ရှိရတယ်”ဟုမူးယစ်ဗဟိုရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စိတ်ကြွဆေးက ဘိန်းလိုမျိုး မစွဲဘူး။ အန္တရာယ်လည်း မကြီးမားပါဘူးဆိုပြီး သုံးကြတယ်။ ဒါပေမဲ့ တွေ့ဖူးတဲ့ လူနာတွေထဲမှာဆိုရင်တစ်ခါလောက်သုံးပြီးစိတ်ဖောက်ပြန်သွားလို့ ရောက်လာတဲ့ လူနာတွေလည်း ရှိတယ်။
သူက ဆေးပြတ်သွားရင်ဘိန်းလိုခန္ဓာကိုယ်က တောင့်တပြီးယင်းထတာမျိုးမရှိတဲ့အတွက် ဘိန်းလိုမစွဲဘူး လို့  ပြော  ကြပေမယ့် စိတ်ကစွဲလမ်းမှုတော့ ရှိတယ်။ နယ်ဘက်ဆိုရင် စိတ်ဖောက်ပြန်ပြီး ရောက်လာလို့ လူနာနောက်ကြောင်းရာဇ၀င်ကိုမေးလိုက်ရင်အများစုက ဆေးချထားလို့စိတ်ဖောက်ပြန်တာပဲ”ဟုကရင်ပြည်နယ် အတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးကပြောသည်။
“တချို့ကလပ်တွေမှာလည်း လွယ်လွယ်ဝယ်နိုင်တယ်။ နမူနာ လိုက်ဝေနေတာတွေတောင် ရှိတယ်လို့ ကြားမိတယ်။ ပျော်ချင်ပါးချင်တဲ့ အထက်တန်းလွှာက သူတွေလည်း အများအပြား သုံးစွဲကြတဲ့အခါ စိတ်ကြွဆေးသုံးတဲ့သူတွေက မြုပ်နေတယ်”ဟု အဆင့်မြင့်အရာရှိက ပြောသည်။
 
စိတ်ကြွဆေး ရောင်းဝယ်ဖောက်ကားမှုများအား ဥပဒေပြဋ္ဌာန်းချက်များအရ ဘိန်းရောင်းဝယ်မှုများကဲ့သို့ အပြစ်ဒဏ် ပေးနိုင်သော်လည်း စိတ်ကြွဆေး သုံးစွဲထားသူများအား ဥပဒေအရအရေးယူ အပြစ်ဒဏ်ပေးခြင်း မရှိပေ။“လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရမူးယစ်ဆေးဝါးသုံးစွဲသူအနေနဲ့ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ဆေးကုဌာနများ (သို့မဟုတ်)   ဆေးကုဂေဟာများမှာ တရားဝင်သွားရောက် မှတ်ပုံတင်ပြီး ဆေးကုသမှု ခံယူရမယ်။
အဲဒါကိုပျက်ကွက်ရင်တော့အရေးယူအပြစ်ပေးခံရမယ်”ဟုမူးယစ်ဗဟိုမှတာဝန်ရှိသူက ဆက်လက်ပြောသည်။
ဘိန်း၊ဘိန်းဖြူ၊စိတ်ကြွဆေးများ ရောင်းဝယ်ဖောက်ကားခြင်းများအားအမြဲမပြတ် စောင့်ကြည့်ပြီးတားဆီးနှိမ်နင်းရေး  အဖွဲ့များမှာလည်းထိရောက်စွာအရေးယူလျက်ရှိသည်။စိတ်ကြွဆေးအန္တရာယ်အား ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ပိုမိုပညာပေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဗဟိုမှသိရသည်။  
ချောင်းဆိုးပျောက်ဆေးအချို့အားစိတ်ကြွဆေးအဖြစ်အသုံးပြုမှုများပြားသည့်အတွက် ဆေးဆိုင်များတွင် ချောင်းဆိုးပျောက်ဆေးရည်များ ရောင်းဝယ်မှု ပိတ်ပင်ထားသော်လည်းအချို့သောနေရာများတွင်ဘိန်းမည်းအား အရည်ဖျော်ပြီး ချောင်းဆိုးပျောက်ဆေး များနှင့် တွဲဖက်သုံးစွဲခြင်း၊ နေရာဒေသ အလိုက် ဆေးအမျိုးမျိုးစပ်၍ သုံးစွဲခြင်းများလည်းရှိကြောင်း သိရသည်။
ပြည်တွင်းတွင်စိတ်ကြွဆေးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များရရှိမှုသေချာသော ကိန်းဂဏန်းလည်းမရှိသေးသည့်အတွက် နိုင်ငံတကာမှ ထောက်ပံ့သည့်ငွေကြေးများဖြင့်လုပ်ငန်းများ  ဆောင်ရွက်နေသော အဖွဲ့များမှလည်း စိတ်ကြွဆေးနှင့် ပတ်သက်သည့် ပညာပေး၊ ကာကွယ်၊ ကုသမှုများ ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများလည်း မရှိသေးကြောင်း သိရသည်။
စိတ်ကြွဆေးသည် ထုတ်လုပ်သည့် စက်ပစ္စည်းရှိလျှင်ပင် မိသားစုစီးပွားရေးအနေဖြင့်ထုတ်လုပ်နိုင်သည့် အခြေအနေရှိပြီးအမြတ်အစွန်းများစွာရသည့်အတွက်ယခင်ကဲ့သို့တစ်ဦးတည်းအများအပြားထုတ်လုပ် ဖြန့်ချိခြင်းထက် လူအများမှ အနည်းငယ်ဆီ ထုတ်လုပ်လာသည့်အတွက် ထုတ်လုပ်မှုပမာဏမှာလည်း တိုးမြင့်လာပြီး သုံးစွဲမှုများလည်း များပြားလာခြင်းဖြစ်ကြောင်း ပညာရှင်များမှ သုံးသပ်ပြောကြားသည်။
“ဒါပေမဲ့အခုတော့သုံးစွဲမှုကများလာတော့တဖြည်းဖြည်းနဲအဖွဲ့အစည်းတွေကလည်း ပြောလာကြပြီ။ နိုင်ငံတကာရဲ့ အတွေ့အကြုံတွေ လည်း လေ့လာနေကြပါပြီ”ဟု အဆင့်မြင့်အရာရှိက  ပြောသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here